Skip to content
Home » ရုသကျမ်း

ရုသကျမ်း

ရားသူကြီးအုပ်စိုးသောကာလ၊ တရံရောအခါဣသရေလပြည်၌ အစာအာဟာရခေါင်းပါး၍ယုဒပြည် ဗက်လင် မြို့သား တယောက်သည်၊ မယားနှင့်သားနှစ်ယောက်ပါလျက် မောဘပြည်၌ တည်းခိုခြင်းငှါ သွား၏။
ထိုသူ၏အမည်ကား ဧလိမလက်။ မယားအမည်ကား နောမိ။ သားနှစ်ယောက်အမည်ကား မဟာလုန်နှင့် ခိလျုန်တည်း။ သူတို့သည်ယုဒပြည်၊ ဗက်လင်မြို့၊ ဧဖရတ်အရပ်သားဖြစ်လျက်၊ မောဘပြည်သို့သွား ၍နေကြ၏။
နောမိ၏ခင်ပွန်းဧလိမလက်သည်သေ၍မယားနှင့်သားနှစ်ယောက်တို့သည် ကျန်ရစ်ကြ၏။
သားတို့သည်မောဘပြည်သူဩရပနှင့်ရုသအမည်ရှိသော မိန်းမ နှစ်ယောက် တို့နှင့် စုံဘက်ခြင်းကိုပြု၍၊ ထိုပြည်မှာ ဆယ်နှစ်ခန့်မျှ နေပြီးမှ၊
ထိုသားနှစ်ယောက် မဟာလုန်နှင့်ခိလျုန်တို့သည် သေ၍ နောမိသည်သားမရှိ၊ ခင်ပွန်းလည်းမရှိ ကျန်ရစ်လေ၏။
တဖန်ထာဝရဘုရားသည်မိမိလူတို့ကိုအကြည့်အရှုကြွ၍ မုန့်ကိုပေးသနားတော်မူကြောင်းကို ထိုမိန်းမသည် မောဘပြည်၌ကြားသောအခါ၊ မောဘပြည်မှပြန်သွားမည်ဟု ချွေးမနှစ်ယောက်နှင့်အတူထ၍၊
တည်းခိုရာအရပ်က ထွက်ပြီးလျှင် ယုဒပြည်သို့ရောက်လိုသောငှါသွားကြ၏။
သို့ရာတွင် ချွေးမနှစ်ယောက်တို့အား၊ သင်တို့သည် ကိုယ်အမိအိမ်သို့ပြန်ကြလော့။ သေလွန်သောသူ၌ ၎င်း၊ ငါ၌၎င်း၊ ကျေးဇူးပြုသည်နှင့်အညီ၊ ထာဝရဘုရားသည် သင်တို့၌ ကျေးဇူးပြုတော်မူပါစေသော။
သင်တို့နှစ်ယောက်သည် နောက်ရသောလင်အိမ်၌ချမ်းသာစွာနေရမည်အကြောင်း ထာဝရဘုရား ကယ်မသနားတော်မူပါစေသောဟုဆိုလျက်သူတို့ကို နမ်းလေ၏။ သူတို့သည်လည်း၊ အသံကိုလွှင့်၍ငိုကြွေး လျက်၊
10 အကယ်စင်စစ်အကျွန်ုပ်တို့သည် ကိုယ်တော်နှင့်အတူ၊ ကိုယ်တော်၏ အမျိုးထံသို့ လိုက်သွားပါမည်ဟု ဆိုကြ၏။
11 နောမိကလည်း၊ငါ့သမီးတို့ပြန်သွားကြလော့။ ငါနှင့်အတူအဘယ်ကြောင့် လိုက်ရမည်နည်း။ သင်တို့လင် လျှာဘို့ငါ၏ဝမ်း၌ သားရှိသေး သလော။
12 ငါ့သမီးတို့ပြန်သွားကြလော့။ ငါသည်အသက်အရွယ်လွန်၍လင်နှင့်မနေသင့်။ သို့မဟုတ်မြော်လင့်စရာရှိ သေးသည်ဟုငါဆိုလျှင်၎င်း၊ ယနေ့ညမှာလင်နေလျှင်၎င်း၊ သားတို့ကိုလည်းဘွားမြင်လျှင်၎င်း၊
13 ထိုသားတို့သည်ကြီးပွားသည်တိုင်အောင်ငံ့နေလိမ့်မည်လော။ လင်မနေဘဲသူတို့ကို မြော်လင့်လိမ့်မည် လော။ ငါ့သမီးတို့ထိုသို့မဖြစ်ရ။ ထာဝရဘုရား လက်တော်သည် ငါ၌ ကန့်လန့်ရှိသည်ကို သင်တို့အတွက် ငါအလွန်ကြင်နာသော စိတ်ရှိသည်ဟုဆိုလေသော်၊
14 သူတို့သည်တဖန်အသံကိုလွှင့်၍ငိုကြွေးကြ၏။ ထိုအခါဩရပသည်ယောက္ခမကိုနမ်း၍မိမိအမျိုးသား တို့ထံသွားသို့ပြန်သွား၏။ ရုသမူကား၊ ယောက္ခမ၌မှီဝဲဆည်းကပ်လျက်နေသေး၏။
15 နောမိကလည်း၊ သင့်အစ်မသည်အမျိုးသားရင်းဘုရားရင်းတို့ထံသို့ပြန်သွားပြီ။ အစ်မနောက်သို့ လိုက်သွားပါဟုဆိုသော်၊
16 ရုသက၊ ကျွန်မသည် ကိုယ်တော်ကိုမစွန့်ပါရစေနှင့်။ နောက်တော်သို့မလိုက်ဘဲ ပြန်သွားစေခြင်းငှါ မပြုပါနှင့်။ ကိုယ်တော်သွားလေရာရာသို့ကျွန်မလိုက်ပါမည်။ ကိုယ်တော်အိပ်လေရာရာ၌ကျွန်မအိပ်ပါမည်။ ကိုယ်တော်အမျိုးသည် ကျွန်မအမျိုး၊ ကိုယ်တော်ဘုရားသည်ကျွန်မဘုရားဖြစ်ပါစေ။
17 ကိုယ်တော်သေရာအရပ်၌ ကျွန်မသေ၍ သင်္ဂြိုဟ်ခံပါမည်။ သေခြင်းမှတပါး၊ အခြားသောအမှုကြောင့် ကိုယ်တော်နှင့်ကျွန်မကွာလျှင်၊ ထာဝရဘုရားသည် ကျွန်မ၌ထိုမျှမကပြုတော် မူပါစေသောဟုပြန်ဆို၏။
18 ရုသသည်လိုက်ခြင်းငှါခိုင်ခံ့သောစိတ်ရှိသည်ကိုနောမိသည်သိမြင်သော်တိတ်ဆိတ်စွာနေလေ၏။
19 ထိုသူနှစ်ယောက်တို့သည်ခရီးသွား၍ဗက်လင်မြို့သို့ရောက်သောအခါ၊ တမြို့လုံးအုတ်အုတ်ကျက်ကျက် ဖြစ်၍၊ ဤသူကားနောမိ ဟုတ်သလောဟုမေးကြ၏။
20 သူကလည်းနောမိဟူ၍ မခေါ်ပါနှင့်။ မာရဟူ၍ခေါ်ပါ။ အနန္တတန်ခိုးရှင်သည် ငါ့အားအလွန် ခါးသောအရာကိုပေးတော်မူပြီ။
21 ငါသည်ကြွယ်ဝပြည့်စုံလျက်ထွက်သွား၏။ ယခုမူကားဆင်းရဲလျက် တကိုယ်တည်းရှိမှ၊ ထာဝရဘုရား သည် ငါ့ကိုပို့ပြန်တော်မူပြီ။ ထာဝရဘုရားသည်ငါ့ကိုနှိမ့်ချ၍အနန္တတန်ခိုးရှင်သည် ငါ့ကိုဆင်းရဲစေတော်မူသည် ဖြစ်၍၊ နောမိအမည်ဖြင့်အဘယ်ကြောင့် ငါ့ကိုခေါ်ကြသနည်းဟု ပြန်ပြော၏။
22 ထိုသို့မောဘပြည်မှ လိုက်လာသော မောဘပြည်သူချွေးမရုသနှင့်အတူနောမိသည်ပြန်လာ၍၊ မုယော စပါးကိုရိတ်စကာလ၌ဗက်လင်မြို့သို့ရောက်ကြ၏။

ရုသဝတ္ထု။1;1-22

ာမိ၏လင်ဧလိမလက်၏ အဆွေအမျိုးတွင်အလွန်ရတတ်သောပေါက်ဘော်တယောက်ရှိ၏။ သူ၏အမည်ကား ဗောဇတည်း။
မောဘပြည်သူရုသက၊ ကျွန်မသည် လယ်ပြင်သို့သွား၍ စိတ်နှင့်တွေ့သောသူနောက်မှာစပါးကျန်ကို ကောက်ပါရစေဟု နောမိ၌အခွင့်ပန်လျှင်၊ နောမိက၊ သွားတော့ငါ့သမီးဟုဆို၏။
ရုသသည်သွား၍စပါးရိတ်သောသူတို့နောက်မှာ၊ စပါးကျန်ကို ကောက်သည်တွင်၊ ဧလိမလက်၏ အဆွေအမျိုး ဗောဇပိုင်သောလယ်၌ အမှတ်တမဲ့ နေရာကျ၏။
ထိုအခါဗောဇသည် ဗက်လင်မြို့က လာ၍၊ ထာဝရဘုရားသည်သင်တို့နှင့်အတူရှိတော်မူပါစေသောဟု ရိတ်သောသူတို့အားဆိုလျှင်၊ သူတို့က၊ ကိုယ်တော်ကိုထာဝရဘုရားကောင်းကြီးပေးတော်မူပါစေသောဟု ပြန်ပြောကြ၏။
ဗောဇကလည်း၊ ထိုမိန်းမငယ်သည် အဘယ်သူနှင့်ဆိုင်သနည်းဟု လယ်ခေါင်းအားမေးသော်၊
လယ်ခေါင်းက၊ မောဘပြည်မှနောမိနှင့်အတူလိုက်လာသော မောဘအမျိုးသမီးဖြစ်ပါ၏။
သူကလည်း၊ ကျွန်မသည် စပါးရိတ်သောသူတို့နောက်၌ ကောက်လှိုင်းစုထဲမှာ ကျန်သော စပါးကို ကောက်သိမ်းပါရစေဟု အခွင့်တောင်းလျက်ဝင်သဖြင့်၊ နံနက်မှစ၍ ယခုခဏတဲ၌နေသောအချိန် တိုင်အောင် လုပ်နေပါပြီဟုပြောဆိုလျှင်၊
ဗောဇသည် ရုသကိုခေါ်၍၊ နားထောင်ပါ၊ ငါ့သမီး။ အခြားသောလယ်သို့သွား၍စပါးကျန်ကို မကောက်နှင့်။ ဤအရပ်ကမထွက်ဘဲ၊ ငါ့ကျွန်မတို့၌ မှီဝဲလျက်နေတော့။
သူတို့ရိတ်သောလယ်ကွက်ကိုကြည့်မှတ်၍ သူတို့နောက်၌ လိုက်လော့။ လုလင်တို့သည်သင့်ကို မနှောင့်ရှက်ရမည်အကြောင်း ငါမှာထားပြီ။ ရေငတ်သောအခါ၊ အိုးထားရာသို့သွား၍လုလင်ခပ်သောရေကို သောက်တော့ဟုဆိုလေသော်၊
10 ရုသသည်မြေပေါ်မှာဦးချပြပ်ဝပ်လျက်၊ ကျွန်မသည်တပါးအမျိုးသားဖြစ်၍ ကိုယ်တော်သည် ကျွန်မကို သိမှတ်မည်အကြောင်း၊ အဘယ်သို့စိတ်တော်နှင့်တွေ့ရပါသနည်းဟုလျှောက်လေ၏။
11 ဗောဇကလည်း၊ သင်၏လင်သေသွားနောက်၊ သင်သည်ယောက္ခမအားပြုစုသမျှကို၎င်း၊ သင်သည်မိဘနှင့်မွေးဘွားရာဌာနပြည်ကိုစွန့်၍အထက်က မသိဘူးသောပြည်သို့လာကြောင်းကို၎င်း၊ ငါ့အားသေချာစွာပြောကြပြီ။
12 သင့်အမှု၏အကျိုးကိုထာဝရဘုရားပေးတော်မူပါစေသော။ သင်သည်အတောင်တော်အောက်၌ ခိုလှုံ ခြင်းငှါ ချဉ်းကပ်သော ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရားသည် စုံလင်သောဆုကို ချတော်မူပါစေသောဟု ဆိုသော်၊
13 ရုသကလည်း သခင်ကျွန်မသည် ရှေ့တော်၌မျက်နှာရပါစေ။ ကျွန်မသည်ကိုယ်တော်ကျွန်မတို့နှင့် မတူသော်လည်း၊ ကိုယ်တော်သည် လောကဝတ် စကားကို ပြော၍ကျွန်မကို နှစ်သိမ့်စေပါပြီဟု လျှောက်လေ၏။
14 ဗောဇကလည်း၊ စားသောက်သောအချိန်ရှိပြီ။ လာ၍မုန့်ကို စားလော့။ ပုံးရည်၌ စားစရာကို နျစ်လော့ ဟု ခေါ်ဆိုသည်အတိုင်း၊ ရုသသည် စပါးရိတ်သော သူတို့နှင့်အတူ ထိုင်လျှင်၊ ဗောဇသည် ပေါက်ပေါက်ကိုလှမ်း၍ ပေးသဖြင့်၊ သူသည် ဝစွာစားပြီးမှချန်ထားသေး၏။
15 စပါးကျန်ကို ကောက်ခြင်းငှါထသွားသောအခါ၊ ဗောဇသည်လုလင်တို့အား၊ ထိုမိန်းမသည် ကောက်လှိုင်း စုထဲမှာကျန်သောစပါးကိုကောက်သိမ်း ပါစေ၊ အရှက်မခွဲကြနှင့်။
16 ရိတ်ပြီးသောစပါးအချို့ကိုလည်း သူအဘို့ချထားလော့။ ကောက်ယူပါစေ။ အပြစ်မတင်ကြနှင့်ဟု မှာထား၏။
17 ရုသသည်ထိုလယ်၌ ညဦးတိုင်အောင် စပါးကျန်ကိုကောက်၍ ရသောစပါးကိုနယ်ပြီးလျှင် မုယောဆန်တဧဖာခန့်မျှရှိ၏။
18 ထိုဆန်ကိုယူ၍မြို့ထဲသို့ ဝင်သဖြင့်၊ ကောက်၍ရသောဆန်ကိုလည်း ယောက္ခမအားပြ၏။ ဝစွာစားပြီးမှ ချန်ထားသော အရာကိုလည်း ထုတ်၍ ပေးသေး၏။
19 ယောက္ခမကလည်း၊ ယနေ့အဘယ်မှာလုပ်သနည်း။ သင်သိမှတ် သောသူသည်မင်္ဂလာရှိပါစေသော ဟုမြွက်ဆိုလျှင်၊ ရုသက ယနေ့ကျွန်မလုပ်သောသူ၏အမည်ကား၊ ဗောဇဖြစ်ပါသည်ဟုယောက္ခမအား ကြားပြောသော်။
20 ယောက္ခမက၊ အသက်ရှင်သောသူ၊ သေသော သူတို့၌ ကျေးဇူးမပြတ် ပြုတော်မူသေးသောထာဝရဘုရား သည်သူ့ကိုကောင်းကြီးပေးတော်မူပါစေသောဟူ၍၎င်း၊ ထိုသူသည်ငါတို့နှင့်ပေါက်ဘော်တော်သောသူ၊ နီးစပ်သော အမျိုးသားချင်း အဝင် ဖြစ်သည်ဟူ၍၎င်း၊ ချွေးမအားပြောဆို၏။
21 ထိုသူက၊ ငါ့စပါးရိတ်ခြင်းအမှု မပြီးမှီတိုင်အောင်၊ ငါ့လူတို့၌မှီဝဲလျက်နေတော့ဟု ဆိုကြောင်းကိုလည်း မောဘအမျိုးသမီး ရုသသည် ကြားပြောသော်၊
22 နောမိက၊ ငါ့သမီး၊ သင်သည် သူ၏ကျွန်မတို့နှင့်ပေါင်းဘော်ကောင်း၏။ အခြားသောလယ်၌သူတို့သည် သင့်ကိုမတွေ့စေကောင်းဟု၊ ချွေးမရုသအားပြောသည်အတိုင်း၊
23 သူသည် မုယောစပါး၊ ဂျုံစပါးရိတ်ခြင်းအမှု ပြီးသည်တိုင်အောင်ဗောဇ၏ ကျွန်မတို၌ မှီဝဲလျက်၊ စပါးကျင်ကိုကောက်၍ ယောက္ခမထံမှာနေလေ၏။

ရုသဝတ္ထု။2;1-23

ဖန်ယောက္ခမနောမိက၊ ငါ့သမီး၊ သင့်ကိုချမ်းသာစေခြင်းငှါ ငြိမ်ဝပ်ရာအရပ်ကို သင့်အဘို့ငါမရှာရသ လော။
သင်ပေါင်းဘော်သော ကျွန်မတို့၏သခင်ဗောဇသည် ငါတို့ပေါက်ဘော်ဖြစ်သည်မဟုတ်လော။ ယနေ့ညမှာ ကောက်နယ်တလင်း၌ မုယောစပါးကိုလှေ့လျက်နေ၏။
သင်သည်ရေချိုးခြင်း၊ ဆီလိမ်းခြင်း၊ အဝတ်တန်ဆာ ဆင်ခြင်းကိုပြုပြီးလျှင် ကောက်နယ်တလင်းသို့ သွားတော့။ သူသည်စားသောက်ခြင်း အမှုကိုမပြီးမှီကိုယ်ကို မပြနှင့်။
သူအိပ်သောအခါ၊ အိပ်ရာအရပ်ကိုမှတ်ပြီးမှဝင်၍ သူ့ခြေ၌ဖုံးသော အဝတ်ကိုဖွင့်ပြီးလျှင် အိပ်တော့။ သင်သည် အဘယ်သို့ပြုရမည်ကို သူပြောလိမ့်မည်ဟုဆိုသော်၊
ရုသက၊ မိခင်မှာထားသမျှတို့ကို ပြုပါမည်ဟု ဝန်ခံလျက်၊
ကောက်နယ်တလင်းသို့သွား၍ ယောက္ခမမှာထားသမျှ အတိုင်းပြုလေ၏။
ဗောဇသည်စားသောက်၍ ရွှင်လန်းလျက်၊ စပါးပုံအနားသို့သွား၍ အိပ်သောအခါ၊ ရုသသည်တိတ်ဆိတ် စွာချဉ်းကပ်၍သူ့ခြေ၌ဖုံးသောအဝတ်ကိုဖွင့်ပြီးလျှင် အိပ်လေ၏။
သန်းခေါင်အချိန်၌ ယောက်ျားသည်လန့်၍ လှည့်သဖြင့်၊ မိန်းမသည်ခြေရင်း၌ရှိသည်ကိုသိလျက်၊
သင်သည်အဘယ်သူနည်းဟုမေးလျှင်၊ ကျွန်မသည်ကိုယ်တော်၏ ကျွန်မရုသဖြစ်ပါ၏။ ကိုယ်တော်သည်ရွေးပိုင်သော အမျိုးသားချင်းဖြစ်သော ကြောင့်၊ ကိုယ်တော်၏ ကျွန်မကိုအဝတ်တော်စွန်းနှင့် ဖုံးပါတော့ဟုဆိုသော်၊
10 သူက၊ ငါ့သမီး၊ ထာဝရဘုရားကောင်းကြီးပေးတော်မူပါစေသော။ သင်သည်ငွေရ တတ်သောလူပျို၊ ဆင်းရဲသောလူပျို တစုံတယောက်ကို မမှီဝဲဘဲနေ၍၊ အရင်ပြုသောကျေးဇူးထက် နောက်ပြုသောကျေးဇူး သာ၍ကြီး၏။
11 မစိုးရိမ်နှင့်ငါ့သမီး။ တောင်းသမျှကို ငါပြုမည်။ သင်သည်သီလနှင့်ပြည့်စုံသောမိန်းမဖြစ်ကြောင်းကို ငါ့လူမျိုးနေသော တမြို့လုံးသိ၏။
12 ငါသည်ရွေးပိုင်သော အမျိုးသားချင်းမှန်ပေ၏။ သို့သော်လည်းငါ့ထက်သာ၍ ရွေးပိုင်သော အမျိုးသားချင်းတယောက်ရှိသေး၏။
13 ယနေ့ညမှာနေဦးတော့၊ ထိုသူသည်ရွေးပိုင်သော အမျိုးသားချင်း ဝတ်ကိုပြုလိုလျှင်ပြုပါလေစေ။ ကောင်း၏။ မပြုလျှင်ထာဝရဘုရားအသက်ရှင်တော်မူသည်အတိုင်း ငါပြုမည်။ နံနက်တိုင်အောင် အိပ်ဦးတော့ ဟုဆို၏။
14 ရုသသည်နံနက်တိုင်အောင်သူ့ခြေရင်းနားမှာအိပ်ပြီးမှ၊ တယောက်ကို တယောက် သိနိုင်သော အချိန်မရောက်မှီထလေ၏။ ယောက်ျားကလည်း၊ မိန်းမသည် ဤကောက်နယ် တလင်းသို့လာသည်ကို အဘယ်သူမျှမသိစေနှင့်ဟုဆို၏။
15 တဖန်သင်၌ပါသော တင်းတိမ်ကိုယူခဲ့၍ဖြန့်ခင်းတော့ဟုဆိုသည်အတိုင်း၊ ရုသဖြန့်လျက် မုယောစပါးခြောက်ဩမဲကိုခြင်၍ သူ့အပေါ်မှာတင်သဖြင့်၊ သူသည်မြို့ထဲသို့ သွားလေ၏။
16 ယောက္ခမထံသို့ ရောက်သောအခါ၊ ယောက္ခမကအဘယ်သို့နည်းဟု မေးလျှင်၊ မိမိ၌ထိုသူပြုသမျှကို၎င်း၊
17 သူက၊ သင်သည်ယောက္ခမထံသို့လက်ချည်းမသွားနှင့်ဟုဆိုလျက် မုယောစပါးခြောက်ဩမဲပေးကြောင်း ကို၎င်း ကြားပြောလေ၏။
18 ယောက္ခမာလည်း၊ ငါ့သမီး၊ ဤအမှုသည်အဘယ်သို့ပြီးလိမ့်မည်ကိုမသိမှီတိုင်အောင် ထိုင်နေလော့။ ယောက်ျားသည် ယနေ့ ဤအမှုကိုမပြီးစီးမှီငြိမ်ဝင်စွာမနေဟုပြောဆို၏။

ရုသဝတ္ထု။3;1-18

အခါဗောဇသည်မြို့တံခါးဝသို့ သွား၍ထိုင်သဖြင့်၊ မနေ့ကပြောသော အမျိုးသားချင်းရှောက်သွား သည်ကိုမြင်လျှင်၊ အိုမည်သူလှည့်၍ ထိုင်ပါတော့ဟုခေါ်သည်အတိုင်း သူသည် လှည့်၍ထိုင်လေ၏။
တဖန်မြို့သားအသက်ကြီးသူ တကျိပ်တို့ကိုခေါ်၍၊ သည်မှာထိုင်ပါတော့ဟု ဆိုသည် အတိုင်းသူတို့သည် လည်းထိုင်ကြ၏။
အမျိုးသားချင်းကိုလည်း၊ မောဘပြည်မှပြန်လာသောနောမိသည် ငါတို့အစ်ကို ဧလိမလက်ပိုင်သော မြေ အကွက်ကိုရောင်းမည်ဖြစ်၍၊
သင့်ကိုငါတိုင်ကြားလျက်၊ ပြည်သားများ၊ ငါတို့အမျိုး၌ အသက်ကြီးသူ များရှေ့မှာဝယ်ပါတော့ဟု ပြောမည်အကြံရှိပါ၏။ သင်သည် ရွေးလိုလျှင် ရွေးပါတော့၊ မရွေးလိုလျှင် ကျွန်ုပ် အားကြားပြောပါတော့။ သင်မှ တပါးရွေးပိုင်သောသူမရှိ။ သင့်နောက်မှာ ကျွန်ုပ်နေရာကျသည်ဟုဆိုသော်၊ အမျိုးသားချင်းက၊ ကျွန်ုပ်ရွေးမည်ဟု ပြန်ပြော၏။
ဗောဇကလည်း၊ ထိုလယ်ကွက်ကိုနောမိလက်မှဝယ်သောနေ့ရက်တွင်၊ သေသောသူ၏ အမွေဥစ္စာအားဖြင့် သူ၏နာမည်ကိုထောက်မခြင်းငှါ၊ သူ၏မယားမောဘအမျိုးသမီးရုသကိုလည်း ဝယ်ရသေး သည်ဟု ဆိုသော်၊
အမျိုးသားချင်းက၊ ကျွန်ုပ်သည် ကိုယ်အဘို့မရွေးနိုင်ပါ။ ရွေးလျှင် ကိုယ်အမွေဥစ္စာကိုဖျက်မည် စိုးရိမ်စရာရှိ၏။ ကျွန်ုပ်မရွေးနိုင်သောကြောင့်၊ ကျွန်ုပ်ရွေးပိုင်သောအရာကိုကိုယ်အဘို့ ရွေးပါတော့ဟုပြန်ပြော၏။
ဣသရေလရှေးထုံးစံ ဟူမူကား၊ ရွေးခြင်းအမှု၊ ဥစ္စာလဲခြင်းအမှုကိုမြဲမြံစေခြင်းငှါ တယောက်သောသူသည် မိမိ ခြေနင်းကိုချွတ်၍ တယောက်သောသူအားအပ်လေ့ရှိ၏။ ထိုသို့ပြုသောအားဖြင့် ဣသရေလအမျိုးသားတို့တွင် သက်သေတည်ရ၏။
သို့ဖြစ်၍အမျိုးသားချင်းက၊ ကိုယ်အဘို့ဝယ်ပါတော့ဟု ဗောဇအားဆို၍ မိမိခြေနင်းကိုချွတ်၏။
ဗောဇကလည်း၊ ဧလိမလက်ဥစ္စာ၊ ခိလျုန်ဥစ္စာ၊ မဟာလုန်ဥစ္စာ ဟူသမျှကိုနောမိလက်မှငါဝယ်၍၊
10 သေသောသူ၏နာမည်ကို သူ၏ညီအစ်ကို စုထဲက၎င်း၊ သူနေရာမြို့တံခါးထဲက၎င်းမပြတ်စေခြင်းငှါ၊ သူ၏အမွေအားဖြင့် သူ၏နာမည်ကို ထောက်မမည် အကြောင်း၊ မဟာလုန်၏ မယားမောဘအမျိုးသမီး ရုသကို ငါ၏မယားဖြစ်စေခြင်းငှါ ငါဝယ်သည်ကိုသင်တို့သည် ယနေ့သက်သေဖြစ်ကြပါ၏ဟု အသက်ကြီးသူများ၊ လူများအပေါင်းတို့အားပြောဆို၏။
11 တံခါးဝ၌ရှိသောအသက်ကြီးသူများ၊ လူများအပေါင်းတို့ကလည်း၊ ငါတို့သည်သက်သေဖြစ်ကြ၏။ သင့်အိမ်သို့ရောက်သော ဤမိန်းမသည်၊ ဣသရေလအမျိုးကိုတည်ထောင်သောမိန်းမနှစ်ယောက်၊ ရာခေလနှင့် လေအာကဲ့သို့ဖြစ်မည်အကြောင်း ထာဝရဘုရား ပြုတော် မူပါစေသော။ သင်သည်လည်း ဧဖရတ်အရပ်၌ အစွမ်းသတ္တိနှင့်ပြည့်စုံ၍ ဗက်လင်မြို့၌အသရေကျော်စောခြင်းရှိပါစေသော။
12 အသက်ပျိုသော ဤမိန်းမတွင်၊ ထာဝရဘုရားပေးတော်မူလတံ့သောမျိုးစေ့အားဖြင့်သင်၏ အမျိုးအနွယ် သည် ယုဒမယားတာမာ ဘွားမြင်သော ဖာရက် အမျိုးအနွယ်ကဲ့သို့ ဖြစ်ပါစေသောဟုပြောဆိုကြ၏။
13 ဗောဇသည် ရုသကိုသိမ်း၍ စုံဘက်လျက်ဆက်ဆံသောအခါ၊ ထာဝရဘုရား၏ ကျေးဇူးတော်ကြောင့်ရုသ သည်ပဋိသန္ဓေယူ၍ သားယောက်ျားကိုဘွားမြင်လေ၏။
14 မိန်းမတို့သည်လည်း နောမိအား၊ သင့်ကိုပြုစုသော အမျိုးသားချင်းကို ယနေ့ဖြတ်တော်မမူသော ထာဝရဘုရားသည် မင်္ဂလာရှိတော်မူပါစေသော။ ယခုရသော အမျိုးသားချင်းသည်လည်း ဣသရေလအမျိုး၌ အသရေကျော်စောပါစေသော။
15 သူသည်သင်၏အသက်ကိုပြုပြင်သောသူ၊ သင်အသက်ကြီးသောအခါ သင့်ကိုကောင်းမွန်စွာ ပြုစုသောသူဖြစ်ပါစေသော။ သင့်ကိုချစ်၍ သားခုနစ်ယောက်ထက်သင့်အဘို့ သာ၍ကောင်းသောသင်၏ ချွေးမသည်သားယောက်ျားကိုဘွားမြင်ပြီဟုပြောဆိုကြ၏။
16 နောမိသည်ထိုသူငယ်ကိုယူ၍ပိုက်ချီလျက်ထိန်းလေ၏။
17 အိမ်နီးချင်းမိန်းမတို့ကလည်း၊ နောမိသည် သားယောက်ျားကိုရပြီဟုဆိုလျက်၊ ထိုသူငယ်ကိုဩဗက် အမည်ဖြင့်မှည့်ကြ၏။ ဩဗက် သားကားယေရှဲ။ ယေရှဲသားကား ဒါဝိဒ်တည်း။
18 ဖာရက်၏သားစဉ်မြေးဆက်ဟူမူကား၊ ဖာရက်သားဟေဇရုံ၊
19 ဟေဇရုံသားအာရံ၊ အာရံသား အမိနဒပ်၊
20 အမိနဒပ်သားနာရှုန်၊ နာရှုန်သား စာလမုန်၊
21 စာလမုန်သားဗောဇ၊ ဗောဇသားဩဗက်၊
22 ဩဗက်သားယေရှဲ၊ ယေရှဲသားဒါဝိဒ်တည်း။

ရုသဝတ္ထု။4;1-22