Burmese

တောင်ပေါ်တရားဒေသနာ- မဿဲ ၅-၇

လူအပေါင်းတို့ကို မြင်လျှင်၊ ကိုယ်တော်သည် တောင်ပေါ်သို့တက်၍ ထိုင်တော်မူသောအခါ၊ တပည့် တော်တို့သည် ကိုယ်တော်ရင်းသို့ ချဉ်းကပ်ကြ၏။
ထိုအခါ နှုတ်တော်ကိုဖွင့်၍ တပည့်တော်တို့အား ဆုံးမဩဝါဒပေးတော်မူသည်မှာ၊
စိတ်နှလုံးနှိမ့်ချသောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား ကောင်းကင်နိုင်ငံတော်သည် ထိုသူ တို့၏ နိုင်ငံဖြစ်၏။
စိတ်မသာညည်းတွားသောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား ထိုသူတို့သည် သက်သာခြင်း သို့ ရောက်ကြလတံ့။
စိတ်နူးညံ့သိမ်မွေ့သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ပြည်တော်ကို အမွေခံရကြလတံ့။
ဖြောင့်မတ်ခြင်းပါရမီကို ဆာငတ်ခင်မွတ်သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထိုသူတို့ သည် ဝပြောခြင်းသို့ ရောက်ကြလတံ့။
သနားစုံမက်တတ်သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည် သနားစုံမက်ခြင်း ကို ခံကြလတံ့။
စိတ်နှလုံးဖြူစင်သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ဘုရားသခင်ကို မြင်ရကြလတံ့။
သူတပါးချင်း ခိုက်ရန်ပြုခြင်းကို ငြိမ်းစေတတ်သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား ထိုသူတို့သည် ဘုရားသခင်၏သားတော်ဟု ခေါ်ဝေါ်ခြင်းကို ခံရကြလတံ့။
10 ဖြောင့်မတ်ခြင်းတရားကြောင့် နှောင့်ရှက်ညှဉ်းဆဲခြင်းကို ခံရသောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏ နိုင်ငံဖြစ်၏။
11 ငါ့ကြောင့် သင်တို့ကို ကဲ့ရဲ့ညှဉ်းဆဲ၍ မမှန်ဘဲလျက် အပြစ်တကာ တင်ကြသောအခါ၊ သင်တို့သည် မင်္ဂလာရှိကြ၏။
12 ဝမ်းမြောက်ရွှင်မြူးခြင်းရှိကြလော့။ အကြောင်းမူကား၊ ကောင်းကင်ဘုံ၌ သင်တို့၏ အကျိုးသည် ကြီးလှ ပေ၏။ သင်တို့ရှေ့က ပေါ်ထွန်းသော ပရောဖက်တို့ကို ထိုနည်းတူညှဉ်းဆဲကြပြီ။
13 သင်တို့သည် ဤလောက၏ ဆားဖြစ်ကြ၏။ ဆားမူကား၊ အငန်ကင်းပျောက်လျှင် ငန်သောအရသာကို အဘယ်သို့ ရပြန်မည်နည်း။ ပြင်သို့ ပစ်လိုက်၍ ကျော်နင်းခြင်းမှတပါး အဘယ်အသုံးမျှမဝင်။
14 သင်တို့သည် ဤလောက၏ အလင်းဖြစ်ကြ၏။ တောင်ထိပ်၌တည်သော မြို့ကို မကွယ်နိုင်။
15 ဆီမီးထွန်း၍ တောင်းဇလားအောက်၌ ဖုံးထားလေ့မရှိ။ အိမ်သူအိမ်သားအပေါင်းတို့သည် အလင်းကို ရစေခြင်းငှါ ဆီမီးခုံပေါ်မှာ တင်ထားလေ့ရှိ၏။
16 ထိုနည်းတူ၊ သူတပါးတို့သည် သင်တို့၏ကောင်းသောအကျင့်ကိုမြင်၍၊ ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘ၏ဂုဏ်တော်ကို ချီးမွမ်းစေခြင်းငှါ၊ သူတပါး ရှေ့၌ သင်တို့အလင်းကို လင်းစေကြလော့။
17 ပညတ္တိကျမ်း၊ အနာဂတ္တိကျမ်းများကို ဖျက်ပယ်ခြင်းငှါ ငါလာသည်ဟု မထင်ကြနှင့်။ ဖျက်ပယ်ခြင်းငှါ ငါလာသည်မဟုတ်။ ပြည့်စုံစေခြင်းငှါ ငါလာသတည်း။
18 ငါအမှန်ဆိုသည်ကား၊ ကောင်းကင်နှင့် မြေကြီးမပျက်စီးမှီတိုင်အောင်၊ ပညတ္တိကျမ်း၌ အငယ်ဆုံးသော စာလုံးဗိန္ဓုတလုံးမျှ ပြည့်စုံခြင်းသို့ မရောက်မှီ မပျက်စီးရ။
19 ထိုကြောင့် အကြင်သူသည်၊ အငယ်ဆုံးသောပညတ်တခုကို ကိုယ်တိုင်လွန်ကျူး၍ သူတပါးတို့အား လည်း ထိုအတူသွန်သင်၏။ ထိုသူသည် ကောင်းကင်နိုင်ငံတော်၌ အငယ်ဆုံးသောသူဖြစ်လိမ့်မည်။ အကြင်သူ သည် ကိုယ်တိုင်ကျင့်၍ သူတပါးတို့အားလည်း သွန်သင်၏။
20 ထိုသူသည် ကောင်းကင်နိုင်ငံတော်၌ ကြီးသောသူဖြစ်လိမ့်မည်။ သင်တို့ ကျင့်သောအကျင့်သည် ဖာရိရှဲတို့နှင့် ကျမ်းပြုဆရာတို့ကျင့်သောအကျင့်ထက် မလွန်မသာလျှင်၊ သင်တို့သည် ကောင်းကင်နိုင်ငံတော်သို့ မဝင်ရကြဟု ငါအမှန်ဆို၏။
21 လူအသက်ကို မသတ်ရ။ သတ်သောသူသည် ရုံး၌အပြစ်စီရင်ခြင်းကို ခံထိုက်ပေ၏ဟူသော ရှေးပညတ် စကားကို သင်တို့ကြားရပြီ။
22 ငါပညတ်သည်ကား၊ ညီအစ်ကိုကို အထောက်မတန် အမျက်ထွက်သောသူသည် ရုံး၌အပြစ်စီရင်ခြင်း ကို ခံထိုက်ပေ၏။ ညီအစ်ကိုကို ကဲ့ရဲ့သောသူသည် လွှတ်တော်၌အပြစ်စီရင်ခြင်းကို ခံထိုက်ပေ၏။ ညီအစ်ကိုကို ကျိန်ဆဲသောသူသည် ဂေဟင်္နာအရပ်၌ မီးရှို့ခြင်းကို ခံထိုက်ပေ၏။
23 ထိုကြောင့် သင်သည်ပူဇော်သက္ကာကို ယဇ်ပလ္လင်သို့ဆောင်ယူခဲ့လျက် သင်၏ညီအစ်ကိုသည် သင်၌ အပြစ်တင်ခွင့် တစုံတခုရှိသည်ဟု အောက်မေ့သတိရလျှင်၊ ယဇ်ပလ္လင်ရှေ့မှာ ပူဇော်သက္ကာကိုထား၍ သွားလော့။
24 ညီအစ်ကိုနှင့် သင့်တင့်ပြီးမှ ပြန်၍ ပူဇော်သက္ကာကို တင်လော့။
25 တရားတွေ့ဘက်နှင့်အတူ လမ်း၌သွားစဉ်တွင်ပင်၊ သူ၏စိတ်ကို ပြေစေခြင်းငှါ အလျင်အမြန်ပြုလော့။ သို့မဟုတ် တရားတွေ့ဘက်သည် တရားသူကြီး၌ အပ်မည်။ တရားသူကြီးသည်လည်း လုလင်ခေါင်း၌အပ်၍ ထောင်ထဲ၌ လှောင်ထားမည်။
26 လျော်ပြစ်ငွေ ရှိသမျှကို မလျော်မှီတိုင်အောင် ထောင်ထဲကမထွက်ရဟု ငါအမှန်ဆို၏။
27 သူ့မယားကို မပြစ်မှားရဟူသော ရှေးပညတ်စကားကို သင်တို့ကြားရပြီ။
28 ငါပညတ်သည်ကား ကိလေသာစိတ်နှင့် သူ့မယားကိုကြည့်ရှုသောသူသည် စိတ်နှလုံးထဲ၌ ထိုမိန်းမနှင့် ပြစ်မှားပြီ။
29 ထိုကြောင့် လက်ျာမျက်စိဖြစ်သော်လည်း သင့်ကိုမှားယွင်းစေလျှင် ထိုမျက်စိကိုထုတ်ပစ်လော့။ တကိုယ်လုံး ငရဲသို့ချခြင်းကို ခံရသည်ထက် အင်္ဂါတခုပျက်သော် သာ၍ကောင်း၏။
30 ထိုနည်းတူ လက်ျာလက်ဖြစ်သော်လည်း သင့်ကိုမှားယွင်းစေလျှင် ထိုလက်ကိုဖြတ်ပစ်လော့။ တကိုယ်လုံး ငရဲသို့ချခြင်းကို ခံရသည်ထက် အင်္ဂါတခုသာ ပျက်သော်သာ၍ကောင်း၏။
31 တဖန်တုံ၊ မယားနှင့်ကွာလိုလျှင် ဖြတ်စာကို အပ်ပေးစေဟူသော ပညတ်စကားရှိပြီ။
32 ငါပညတ်သည်ကား၊ မှားယွင်းခြင်းအကြောင်းမှတပါး အခြားသောအကြောင်းဖြင့် မိမိမယားနှင့် ကွာသောသူသည် မိမိမယားကို မှားယွင်းစေ၏။ ကွာသောမိန်းမနှင့် စုံဘက်ခြင်းကို ပြုသောသူသည်လည်း သူ့မယားကို ပြစ်မှား၏။
33 တဖန်တုံ၊ မဟုတ်မမှန်ဘဲလျက် ကျိန်ဆိုခြင်းကိုမပြုရ။ ကျိန်ဆိုခြင်းကို ပြုသည်အတိုင်း ထာဝရဘုရား ရှေ့တော်၌ တည်စေလော့ဟူသော ရှေးပညတ်စကားကို သင်တို့ကြားရပြီ။
34 ငါပညတ်သည်ကား၊ ကျိန်ဆိုခြင်းကို အလျင်းမပြုရ။ ကောင်းကင်ဘုံကို တိုင်တည်၍မကျိန်ရ။ ကောင်းကင်ဘုံကား ဘုရားသခင်၏ ပလ္လင်တော်ဖြစ်သတည်း။
35 မြေကြီးကို တိုင်တည်၍မကျိန်ရ။ မြေကြီးကား ဘုရားသခင်၏ ခြေတော်တင်ရာ ခုံဖြစ်သတည်း။ ယေရှု ရှလင်မြို့ကို တိုင်တည်၍မကျိန်ရ။ မဟာမင်းကြီး၏မြို့တော် ဖြစ်သတည်း။
36 ဆံခြည်တပင်ကိုမျှ ဖြူစေခြင်း၊ မည်းစေခြင်းငှါမတတ်နိုင်သော်၊ ကိုယ်ဦးခေါင်းကိုတိုင်တည်၍ မကျိန်ရ။
37 သင်၏စကားမှာ ဟုတ်သည်ကိုအဟုတ်၊ မဟုတ်သည်ကို မဟုတ်ဖြစ်စေလော့။ ဤထက် လွန်သော စကားသည် မကောင်းသောအရာနှင့် စပ်ဆိုင်ပေ၏။
38 သူ့မျက်စိကို ဖျက်လျှင် ကိုယ်မျက်စိဖျက်ခြင်းကိုခံစေ။ သူ့သွားကိုချိုးလျှင် ကိုယ်သွားချိုးခြင်းကို ခံစေ ဟူသော ပညတ်စကားကို သင်တို့ကြားရပြီ။
39 ငါပညတ်သည်ကား၊ နှောင့်ရှက်သောသူကို မဆီးမတားနှင့်။ သင်၏ ပါးတဘက်ကို သူတပါးပုတ်လျှင် ပါးတဘက်ကို လှည့်၍ပေးဦးလော့။
40 သင့်အင်္ကျီကို ယူလို၍ တရားတွေ့သောသူအား သင့်ဝတ်လုံကိုလည်း ယူစေခြင်းငှါ အခွင့်ပေးဦးလော့။
41 အကြင်သူသည် သင့်ကို အနိုင်ပြု၍ ခရီးတတိုင်သွားစေ၏။ ထိုသူနှင့်တကွ နှစ်တိုင်သွားဦးလော့။
42 တောင်းသောသူအားပေးလော့။ ချေးငှါးလိုသောသူကိုလည်း မငြင်းမပယ်နှင့်။
43 ကိုယ်နှင့်စပ်ဆိုင်သောသူကို ချစ်လော့။ ရန်သူကို မုန်းလော့ဟူသောပညတ်စကားကို သင်တို့ ကြား ရပြီ။
44 ငါပညတ်သည်ကား၊ သင်တို့သည် ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘ၏ သားဖြစ်လိုသော ငှါ။ သင်တို့၏ရန်သူတို့ကို ချစ်ကြလော့။ သင်တို့ကိုကျိန်ဆဲသောသူတို့အား မေတ္တာပို့ကြလော့။ သင်တို့ကို မုန်း သောသူတို့အား ကျေးဇူးပြုကြလော့။ သင်တို့ကို နှောင့်ရှက်ညှဉ်းဆဲသောသူတို့အဘို့ ဘုရားသခင်ကို ဆုတောင်း ကြလော့။
45 အကြောင်းမူကား၊ ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘသည်၊ ကောင်းသောသူမကောင်း သောသူတို့အပေါ်၌ ကိုယ်တော်၏နေကို ထွက်စေတော်မူ၏။ ဖြောင့်မတ်သောသူ မဖြောင့်မတ်သောသူတို့ အပေါ်၌ မိုဃ်းကို ရွာစေတော်မူ၏။
46 သင်တို့ကို ချစ်သောသူတို့အားသာ ချစ်တုံ့ပြုလျှင် အဘယ်ကျေးဇူးတင်သနည်း။ အခွန်ခံသူတို့ပင် ဤ မျှလောက်ပြုကြသည် မဟုတ်လော။
47 အဆွေအမျိုးတို့အားသာ လောကဝတ်ပြုလျှင် အဘယ်သို့ထူးမြတ်သနည်း။ သာသနာပလူတို့ပင် ထို အတူ ပြုကြသည်မဟုတ်လော။
48 ထို့ကြောင့် ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘသည် စုံလင်တော်မူသည်နည်းတူ သင်တို့ သည်လည်း စုံလင်ခြင်းရှိကြလော့။

ရှင်မဿဲခရစ်ဝင်။5;1-48

များတို့ မြင်စေခြင်းငှါ ကိုယ်သီလအကျင့်ကို သူ့ရှေ့မှောက်၌ မကျင့်မည်အကြောင်း သတိပြုကြ လော့။ သို့မဟုတ် ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘထံမှ အကျိုးကိုမခံမရကြ။
ထိုကြောင့် သင်သည် အလှူဒါနကို ပေးသောအခါ လျှို့ဝှက်သောသူတို့သည် လူများအချီးအမွမ်းကို ခံလို၍ ပွဲသဘင်လမ်းခရီး၌ မိမိတို့ရှေ့မှာ တံပိုးခရာမှုတ်စေသည်နည်းတူမပြုနှင့်။ ငါအမှန်ဆိုသည်ကား၊ ထိုသူတို့သည် မိမိတို့အကျိုးကိုရကြပြီ။
သင်သည် အလှူဒါနကိုပေးသောအခါ ပေးကြောင်းကို မထင်ရှားစေခြင်းငှါ၊ လက်ျာလက်ပြုသည် အမှုကို လက်ဝဲလက်မျှမသိစေနှင့်။
မထင်ရှားသောအရာကို မြင်တော်မူသော သင်၏အဘသည် အကျိုးကိုထင်ရှားစွာ ပေးတော်မူလတံ့။
သင်သည် ဆုတောင်းပဌနာပြုသောအခါ လျှို့ဝှက်သောသူတို့နည်းတူမပြုနှင့်။ ထိုသူတို့သည် လူများ တို့ရှေ့မှာထင်ရှားစေခြင်းငှါ၊ ပွဲသဘင်လမ်းဆုံလမ်းဝတို့၌ ရပ်လျက်ဆုတောင်းခြင်းငှါအလိုရှိကြ၏။ ငါအမှန်ဆို သည်ကား၊ ထိုသူတို့သည် မိမိတို့အကျိုးကိုခံရကြ၏။
သင်သည် ဆုတောင်းသောအခါ ဆိတ်ညံရာအခန်းသို့ဝင်၍ တံခါးကိုပိတ်ပြီးမှ၊ မထင်ရှားသောအရပ်၌ ရှိတော်မူသော သင်၏အဘကိုဆုတောင်းလော့။ မထင်ရှားသောအရာကို မြင်တော်မူသော သင်၏အဘသည် အကျိုးကို ထင်ရှားစွာပေးတော်မူလတံ့။
သင်တို့သည် ဆုတောင်းသောအခါ သာသနာပလူနည်းတူ အချည်းနှီးသောစကားဖြင့် အထပ်ထပ် မမြွက်ကြနှင့်။ ထိုသူတို့သည် များစွာသောစကားအားဖြင့် မိမိတို့အလို ပြည့်စုံမည်ဟု ထင်မှတ်ကြ၏။
ထိုသူတို့နည်းတူမပြုကြနှင့်။ အကြောင်းမူကား၊ သင်တို့ အလိုရှိသမျှတို့ကို သင်တို့မတောင်းမှီ သင်တို့ အဘသိတော်မူ၏။
ထိုကြောင့် သင်တို့ဆုတောင်းရမည်မှာ ကောင်းကင်ဘုံ၌ရှိတော်မူသောအကျွန်ုပ်တို့အဘ ကိုယ်တော်၏ နာမတော်အား ရိုသေလေးမြတ်ခြင်း ရှိပါစေသော။
10 နိုင်ငံတော်တည်ထောင်ပါစေသော။ အလိုတော်သည် ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာ ပြည့်စုံပါစေသော။
11 အသက်မွေးလောက်သောအစာကို အကျွန်ုပ်တို့အား ယနေ့ပေးသနားတော်မူပါ။
12 သူတပါးသည် အကျွန်ုပ်တို့ကို ပြစ်မှားသောအပြစ်များကို အကျွန်ုပ်တို့သည် လွှတ်သကဲ့သို့ အကျွန်ုပ် တို့၏အပြစ်များကို လွှတ်တော်မူပါ။
13 အပြစ်သွေးဆောင်ရာသို့ မလိုက်မပါစေဘဲ၊ မကောင်းသောအမှုအရာမှလည်း ကယ်နှုတ်တော်မူပါ။ အစိုးပိုင်သောအခွင့်နှင့် ဘုန်းတန်ခိုးအာနုဘော်သည် ကမ္ဘာအဆက်ဆက်ကိုယ်တော်၌ရှိပါ၏။ အာမင်ဟု ဆုတောင်းကြလော့။
14 သင်တို့သည် သူတပါးတို့၏ အပြစ်ကိုလွှတ်လျှင်၊ ကောင်းကင်ဘုံ၌ရှိတော်မူသောသင်တို့အဘသည် သင်တို့၏အပြစ်ကို လွှတ်တော်မူမည်။
15 သင်တို့သည် သူတပါးတို့၏အပြစ်ကိုမလွှတ်လျှင်၊ သင်တို့အဘသည် သင်တို့၏အပြစ်ကို လွှတ်တော် မမူ။
16 သင်တို့သည် အစာရှောင်ခြင်းအကျင့်ကိုကျင့်သောအခါ လျှို့ဝှက်သောသူတို့နည်းတူ မျက်နှာညှိုးငယ် ခြင်းမရှိကြနှင့်။ ထိုသူတို့သည် မိမိတို့အစာရှောင်သည်ကို လူများတို့ရှေ့မှာ ထင်ရှားစေခြင်းငှါ မိမိတို့မျက်နှာကို ဖျက်တတ်ကြ၏။
17 ငါအမှန်အကန်ဆိုသည်ကား၊ ထိုသူတို့သည် မိမိတို့အကျိုးကို ခံရကြ၏။
18 သင်သည်အစာရှောင်သောအခါ အစာရှောင်သည်ကိုလူများတို့ရှေ့မှာမထင်ရှားစေဘဲ၊ မထင်ရှားသော အရပ်၌ရှိတော်မူသော သင်တို့အဘရှေ့တော်၌သာထင်ရှားစေခြင်းငှါ၊ ခေါင်းကိုလိမ်းကျံလော့။ မျက်နှာကို လည်းသစ်လော့။ မထင်ရှားသောအရာကိုမြင်တော်မူသော သင်တို့အဘသည် အကျိုးကို ထင်ရှားစွာပေးတော် မူလတံ့။
19 သံချေး၊ ပိုးရွဖျက်ဆီး၍ သူခိုးထွင်းဖောက်ခိုးယူရာ မြေကြီးပေါ်မှာ ဘဏ္ဍာကို မဆည်းဖူးကြနှင့်။
20 သံချေး၊ ပိုးရွ မဖျက်ဆီး၍ သူခိုးမထွင်းမဖောက် မခိုးမယူရာ ကောင်းကင်ဘုံ၌ ဘဏ္ဍာကိုဆည်းဖူး ကြလော့။
21 အကြောင်းမူကား၊ အကြင်အရပ်၌ သင်တို့၏ဘဏ္ဍာရှိ၏။ ထိုအရပ်သို့ သင်တို့၏ စိတ်နှလုံးရောက် တတ်၏။
22 မျက်စိကား ကိုယ်၏ ဆီမီးဖြစ်၏။ ထိုကြောင့် မျက်စိကြည်လင်လျှင် တကိုယ်လုံးလင်းလိမ့်မည်။
23 မျက်စိမြှေးရှက်လျှင် တကိုယ်လုံးမိုက်လိမ့်မည်။ သင်၏ အလင်းသော်ကား၊ မှောင်မိုက်ဖြစ်လျှင် ထို အမိုက်သည် အလွန်မိုက်စွတကား။
24 အဘယ်သူမျှ သခင်နှစ်ဦးအစေကို မခံနိုင်။ သခင်တဦးကိုမုန်း၍ တဦးကိုချစ်မည်။ သခင်တဦးကို မှီခို၍ တဦးကို မခန့်မညားပြုမည်။ သင်တို့သည် ဘုရားသခင်၏အစေကို၎င်း၊ လောကီစည်းစိမ်၏အစေကို၎င်း မခံနိုင်ကြ။
25 ထိုကြောင့် ငါဆိုသည်ကား၊ အဘယ်သို့ စားသောက်ရမည်ဟု အသက်အဘို့မစိုးရိမ်ကြနှင့်။ အဘယ်သို့ ဝတ်ရမည်ဟု ကိုယ်အဘို့မစိုးရိမ်ကြနှင့်။ အစာထက် အသက်မြတ်သည်မဟုတ်လော။ အဝတ်ထက် ကိုယ်မြတ် သည်မဟုတ်လော။
26 မိုဃ်းကောင်းကင်၌ ကျင်လည်သော ငှက်များကို ကြည့်ရှုဆင်ခြင်ကြလော့။ ထိုငှက်တို့သည် မျိုးစေ့ကို မစိုက်မကြဲ၊ စပါးကိုမရိတ်၊ ကျီ၌မစုမသွင်း။ သို့သော်လည်း ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည် သူတို့ကို ကျွေးမွေးတော်မူ၏။ ထိုငှက်တို့ထက် သင်တို့သည် အလွန်မြတ်သည်မဟုတ်လော။
27 အဘယ်သူသည် စိုးရိမ်ခြင်းအားဖြင့် မိမိအသက်တာကို တတောင်ခန့်မျှ တိုးပွားစေနိုင်သနည်း။
28 အဝတ်အဘို့၌ အဘယ်ကြောင့်စိုးရိမ်ရသနည်း။ တောနှင်းပင်တို့သည် အဘယ်သို့သောအားဖြင့် ကြီးပွားသည်ကို ဆင်ခြင်အောက်မေ့ကြလော့။ ထိုအပင်တို့သည် အလုပ်လည်းမလုပ်၊ ချည်ဖြစ်စေခြင်းငှါ မငင်မဝင့်။
29 သို့သော်လည်း ဘုန်းကြီးသော ရှောလမုန်မင်းကြီး၏အဝတ်သည် ထိုအပင်တပင်မျှ၏ အဝတ်ကို မမှီဟု ငါဆို၏။
30 ယုံကြည်အားနည်းသော သူတို့၊ ယနေ့ အသက်ရှင်လျက် နက်ဖြန် မီးဖိုထဲသို့ရောက်သော တောမြက် ပင်ကို ဘုရားသခင်သည် ထိုသို့သောအဝတ်နှင့် ဖုံးလွှမ်းတော်မူလျှင်၊ ထိုမျှမက သင်တို့ကိုအဝတ်နှင့် ဖုံးလွှမ်း တော်မူမည် မဟုတ်လော။
31 ထိုကြောင့် အဘယ်သို့ စားသောက်ရအံ့နည်း။ အဘယ်သို့ ဝတ်ရအံ့နည်းဟူ၍မစိုးရိမ်ကြနှင့်။ ထို အရာများကို သာသနာပလူတို့သည် ရှာဖွေတတ်ကြ၏။
32 ထိုအရာများကို သင်တို့သည် အသုံးလိုကြောင်းကို ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည် သိတော်မူ၏။
33 ဘုရားသခင်၏ နိုင်ငံတော်နှင့်ဖြောင့်မတ်ခြင်းတရားတော်ကို ရှေ့ဦးစွာရှာကြလော့။ နောက်မှ ထိုအရာ များကို ထပ်၍ပေးတော်မူလတံ့။
34 ထို့ကြောင့် နက်ဖြန်အဘို့ မစိုးရိမ်ကြနှင့်။ နက်ဖြန်နေ့သည် မိမိအဘို့စိုးရိမ်လိမ့်မည်။ ယခုနေ့၌ရှိသော မကောင်းမသင့်သောအရာသည် ယခုနေ့ဘို့ လောက်ပေ၏။

ရှင်မဿဲခရစ်ဝင်။6;1-34

သင်တို့သည် စစ်ကြောဆုံးဖြတ်ခြင်းနှင့် ကင်းလွတ်ရမည်အကြောင်း သူတပါး၏အမှု၌ စစ်ကြော ဆုံးဖြတ်ခြင်းကို မပြုကြနှင့်။
သင်တို့သည် အကြင်တရားအတိုင်း သူတပါးကိုစီရင်ကြ၏ ထိုတရားအတိုင်းစီရင်ခြင်းကို ခံရကြမည်။ အကြင်ချိန်၊ တင်းပမာဏနှင့် သူတပါးအား ပေး၏။ ထိုပမာဏအတိုင်း ကိုယ်ခံရကြမည်။
ကိုယ်မျက်စိ၌ရှိသော တံကျင်ကို မအောက်မေ့ဘဲ ညီအစ်ကိုမျက်စိ၌ရှိသော ငြောင့်ငယ်ကို အဘယ် ကြောင့် ကြည့်ရှုသနည်း။
ကိုယ်မျက်စိ၌ တံကျင်ရှိလျက်ပင် ညီအစ်ကိုအား သင်၏မျက်စိ၌ရှိသောငြောင့်ငယ်ကို ထုတ်ပါရစေ ဟု အဘယ်သို့ဆိုသနည်း။
လျှို့ဝှက်သောသူ၊ ကိုယ်မျက်စိ၌ရှိသောတံကျင်ကိုရှေးဦးစွာထုတ်ပစ်လော့။ နောက်မှညီအစ်ကို မျက်စိ၌ ရှိသော ငြောင့်ငယ်ကို ထုတ်ပစ်ခြင်းငှါ ရှင်းလင်းစွာမြင်လိမ့်မည်။
ဖြူစင်သောအရာကို ခွေးတို့အား မပေးကြနှင့်။ ပုလဲရတနာတို့ကို ဝက်တို့ရှေ့မှာ မချမထားကြနှင့်။ သို့ပြုလျှင် ထိုအရာတို့ကို ကျော်နင်း၍ သင်တို့ကိုလှည့်လျက် ကိုက်ဖြတ်ကြလိမ့်မည်။
တောင်းကြလော့။ တောင်းလျှင်ရမည်။ ရှာကြလော့။ ရှာလျှင်တွေ့မည်။ တံခါးကိုခေါက်ကြလော့။ ခေါက်လျှင်ဖွင့်မည်။
တောင်းသောသူမည်သည်ကား ရ၏။ ရှာသောသူလည်း တွေ့၏။ ခေါက်သောသူအားလည်း တံခါးကို ဖွင့်၏။
သားသည် မုန့်ကိုတောင်းလျှင် မိမိသားအား ကျောက်ကိုပေးမည်သူ၊
10 ငါးကို တောင်းလျှင် မြွေကို ပေးမည်သူ တစုံတယောက်မျှသင်တို့တွင် ရှိသလော။
11 သင်တို့သည် အဆိုးဖြစ်လျက်ပင် ကိုယ်သားတို့အား ကောင်းသောအရာကို ပေးတတ်လျှင်၊ ထိုမျှမက ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည် ဆုတောင်းသောသူတို့အား ကောင်းသောအရာကိုသာ၍ ပေးတော်မူမည် မဟုတ်လော။
12 သင်တို့သည် ကိုယ်၌သူတပါးပြုစေလိုသမျှအတိုင်းသူတပါး၌ပြုကြလော့။ ဤပညတ်ကား ပညတ္တိကျမ်း နှင့် အနာဂတ္တိကျမ်းတို့၏ အချုပ်အချာပင် ဖြစ်သတည်း။
13 ကျဉ်းသောတံခါးကိုဝင်ကြလော့။ ပျက်စီးခြင်းသို့ ရောက်သောလမ်းနှင့်တံခါးသည် ကျယ်ဝန်းသည် ဖြစ်၍ ဝင်သောသူတို့သည်များကြ၏။
14 အသက်ရှင်ခြင်းသို့ ရောက်သောလမ်းနှင့် တံခါးသည် အလွန်ကျဉ်းမြောင်းသည်ဖြစ်၍၊ တွေ့ဝင်သော သူတို့သည် နည်းကြ၏။
15 အတွင်း၌ကြမ်းတမ်းသော တောခွေးဖြစ်လျက် သိုးရေကိုခြုံ၍သင်တို့ရှိရာသို့လာသော မိစ္ဆာပရောဖက် တို့ကို သတိနှင့် ရှောင်ကြလော့။
16 ထိုသူတို့၏အကျင့်ကိုထောက်၍ သူတို့၏သဘောကို သိကြလိမ့်မည်။ ဆူးပင်၌ စပျစ်သီးကို ဆွတ်တတ် သလော။ ဆူးလေပင်၌ သင်္ဘောသဖန်းသီးကို ဆွတ်တတ်သလော။
17 ကောင်းသောအပင်သည် ကောင်းသောအသီး၊ မကောင်းသောအပင်သည် မကောင်းသောအသီးကို သီးတတ်၏။
18 ကောင်းသောအပင်သည် မကောင်းသောအသီး၊ မကောင်းသောအပင်သည် ကောင်းသောအသီးကို မသီးနိုင်။
19 ကောင်းသောအသီး မသီးသောအပင်ရှိသမျှတို့ကို ခုတ်လှဲ၍ မီးထဲသို့ ချလိုက်တတ်၏။
20 သို့ဖြစ်လျှင် ထိုပရောဖက်တို့၏ အကျင့်ကို ထောက်သော် သူတို့၏ သဘောကို သိရကြလိမ့်မည်။
21 သခင်၊ သခင်ဟု ငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကို ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။
22 ထိုနေ့၌ကား၊ သခင်၊ သခင်၊ အကျွန်ုပ်တို့သည် ကိုယ်တော်အခွင့်နှင့် ဆုံးမဩဝါဒပေးပါပြီ မဟုတ် လော။ ကိုယ်တော်အခွင့်နှင့် နတ်ဆိုးတို့ကို နှင်ထုတ်ပါပြီ မဟုတ်လော။ ကိုယ်တော်အခွင့်နှင့် များစွာသော တန်ခိုးတို့ကို ပြပါပြီမဟုတ်လောဟု အများသော သူတို့သည် လျှောက်ကြလိမ့်မည်။
23 ထိုသို့လျှောက်ကြသောအခါ သင်တို့ကို ငါအလျင်းမသိ၊ အဓမ္မအမှုကို ပြုသောသူတို့၊ ငါ့ထံမှ ဖယ်ကြဟု ထိုသူတို့အား အတည့်အလင်း ငါပြောမည်။
24 အကြင်သူသည် ငါဟောပြောသော ဤစကားကို ကြား၍နားထောင်၏။ ထိုသူသည် ကျောက်ပေါ်မှာ အိမ်ဆောက်သော ပညာရှိနှင့် တူကြောင်းကို ငါပုံပြမည်။
25 မိုဃ်းရွာ၍ ရေစီးသည်နှင့် လေလာ၍ ထိုအိမ်ကိုတိုက်သည်ရှိသော်၊ ကျောက်ပေါ်မှာ တည်သော ကြောင့် မပြိုမလဲနေ၏။
26 အကြင်သူသည် ငါဟောပြောသော ဤစကားကိုကြား၍ နားမထောင်ဘဲနေ၏။ ထိုသူသည် သဲပေါ်မှာ အိမ်ဆောက်သော လူမိုက်နှင့်တူကြောင်းကို ငါပုံပြမည်။
27 မိုဃ်းရွာ၍ ရေစီးသည်နှင့် လေလာ၍ ထိုအိမ်ကို တိုက်သောအခါ၊ ကြီးစွာသော ပြိုလဲခြင်းသို့ ရောက် လေသည်ဟုဟောတော်မူ၏။
28 ထိုဒေသနာတော်ကို ယေရှုဟောတော်မူသည် အဆုံး၌ ပရိသတ်အပေါင်းတို့သည် ဆုံးမဩဝါဒ ပေးတော်မူခြင်းကို အလွန်အံ့ဩကြ၏။
29 အကြောင်းမူကား၊ ကျမ်းပြုဆရာနည်းတူမဟုတ်၊ အစိုးရသော သူနည်းတူ ဆုံးမဩဝါဒပေးတော်မူ၏။

ရှင်မဿဲခရစ်ဝင်။7;1-29