Burmese

ခရစ်ဝင်ကျမ်းများတွင် ယေရှု၏ ရှင်ပြန်ထမြောက်ခြင်း အသွင်အပြင်များ

နစ်ရက်တွင် ပဌမနေ့ရက်၊ မိုဃ်းမလင်းမှီ စောစောအချိန်၌ မာဂဒလမာရိသည် သင်္ချိုင်းတော်သို့ သွား၍ တွင်းဝ၌ပိတ်သော ကျောက်သည် ရွှေ့လျက်ရှိသည်ကိုမြင်လျှင်၊
ရှိမုန်ပေတရုနှင့် ယေရှုချစ်တော်မူသော အခြားတပည့်တော်ဆီသို့ ပြေးသွား၍၊ သင်္ချိုင်းတော်မှ သခင်ကိုယူသွားကြပြီ။ အဘယ်မှာထားကြသည်ကို မသိဟုပြောဆို၏။
ထိုအခါပေတရုနှင့် အခြားသော တပည့်တော်သည်ထွက်၍ သင်္ချိုင်းတော်သို့သွားကြ၏။
ထိုသူနှစ်ယောက်တို့သည် အတူပြေးသည်တွင် အခြားသောတပည့်တော်သည် ပေတရုကိုလွန်၍ သင်္ချိုင်းတော်သို့ အရင်ရောက်သည်ရှိသော်၊ ငုံ့၍ကြည့်သဖြင့်၊
ပိတ်ပုဆိုးရစ်သည်ကိုမြင်လျှင်၊ မဝင်ဘဲနေ၏။
ရှိမုန်ပေရုသည်နောက်သို့လိုက်၍ ရောက်သောအခါ တွင်းထဲသို့ဝင်လျှင်၊ ပိတ်ပုဆိုးရှိရစ်သည်ကို၎င်း၊
ခေါင်းတော်၌ရှိသောပုဝါသည် ပိတ်ပုဆိုးနှင့်အတူမရှိဘဲ တခြားစီလိပ်လျက်ရှိသည်ကို၎င်း မြင်လေ၏။
ထိုအခါသင်္ချိုင်းတော်သို့ အရင်ရောက်သောအခြားတပည့်တော်သည် ဝင်၍မြင်သဖြင့် ယုံလေ၏။
ကိုယ်တော်သည် သေခြင်းမှထမြောက်ရမည်ဟူသော ကျမ်းစကားကို တပည့်တော်တို့သည် နားမလည် ကြသေး။
10 နောက်မှထိုသူနှစ်ယောက်တို့သည် မိမိတို့အပေါင်းအသင်းရှိရာသို့ ပြန်သွားကြ၏။
11 မာရိသည် သင်္ချိုင်းတော်အနားမှာ ငိုကြွေးလျက်ရပ်နေ၏။ ငိုကြွေးစဉ် ငုံ၍တွင်းထဲသို့ကြည့်လျှင်၊
12 ကောင်းကင်တမန်နှစ်ပါးတို့သည် ဖြူသောအဝတ်ကိုဝတ်ဆင်လျက်၊ ယေရှု၏အလောင်းတော် လျောင်း ရာအရပ်၊ ခေါင်းရင်း၌တပါး၊ ခြေရင်း၌တပါး ထိုင်ကြသည်ကိုမြင်လေ၏။
13 ထိုသူတို့က၊ အချင်းမိန်းမ၊ အဘယ်ကြောင့် ငိုကြွေးသနည်းဟုမေးလျှင်၊ ကျွန်မ၏သခင်ကို ယူသွား ကြပြီ။ အဘယ်မှာထားကြသည်ကို မသိပါဟုပြောဆို၏။
14 ထိုသို့ဆိုပြီးမှ နောက်သို့လှည့်လျှင်၊ ယေရှုရပ်လျက်နေတော်မူသည်ကို မြင်သော်လည်း ယေရှုဖြစ် တော်မူသည်ကိုမသိ။
15 ယေရှုကလည်း၊ အချင်းမိန်းမ၊ အဘယ်ကြောင့်ငိုကြွေးသနည်း။ အဘယ်သူကို ရှာသနည်းဟု မေးတော် မူ၏။ မာရိက၊ သင်သည်သူ့ကို ဆောင်သွားသည်မှန်လျှင် အဘယ်မှာထားသည်ကို ကျွန်မအားပြောပါ။ ကျွန်မ ယူသွားပါမည်အရှင်ဟု၊ ထိုသူကို ဥယျာဉ်စောင့်ဖြစ်သည်ဟု ထင်မှတ်လျက်ဆို၏။
16 ယေရှုကလည်း၊ မာရိဟုခေါ်တော်မူလျှင်၊ မာရိသည်လှည့်၍ ရဗ္ဗုနိဟု ထူးလေ၏။ ရဗ္ဗုနိအနက်ကား၊ အရှင်ဘုရားဟု ဆိုလိုသတည်း။
17 ယေရှုကလည်း၊ ငါ့ကိုမဘက်နှင့်ဦး။ ငါသည် ငါ့ခမည်းတော်ထံသို့ မတက်ရသေး။ ငါ့ညီတို့ရှိရာသို့ သွားလော့။ ငါ၏ခမည်းတော်တည်းဟူသော သင်တို့၏ခမည်းတော်၊ ငါ၏ဘုရားသခင်တည်းဟူသော သင်တို့၏ ဘုရားသခင်ထံတော်သို့ ငါတက်ရမည်အကြောင်းအရာကို ကြားပြောလော့ဟု မိန့်တော်မူသည်နှင့်အညီ၊
18 မာဂဒလမာရိသည် သွား၍မိမိသည် သခင်ကိုတွေ့မြင်သည်ကို၎င်း၊ ထိုသို့မိန့်တော်မူသည်ကို၎င်း၊ တပည့်တော်တို့အားကြားပြောလေ၏။
19 ခုနစ်ရက်တွင် ပဌမနေ့ရက်ဖြစ်သော ထိုနေ့၌ ညအချိန်ရောက်သောအခါ၊ ယုဒလူတို့ကိုကြောက်၍ တံခါးများကိုပိတ်ထားလျက်၊ တပည့်တော်တို့သည် စည်းဝေးကြသောအရပ်သို့ ယေရှုသည်ကြွလာ၍ အလယ်မှာ ရပ်တော်မူလျက်၊ သင်တို့၌ ငြိမ်သက်ခြင်းရှိစေတည်းဟု မိန့်တော်မူ၏။
20 ထိုသို့မိန့်တော်မူပြီးမှ လက်တော်နှင့်နံဖေးတော်ကိုပြတော်မူ၏။ တပည့်တော်တို့သည် သခင်ကိုမြင်လျှင် ဝမ်းမြောက်ခြင်းရှိကြ၏။
21 တဖန်ယေရှုက၊ သင်တို့၌ ငြိမ်သက်ခြင်းရှိစေသတည်း။ ခမည်းတော်သည် ငါ့ကို စေလွှတ်တော်မူသည် နည်းတူ၊ သင်တို့ကို ငါစေလွှတ်သည်ဟု မိန့်တော်မူပြီးလျှင်၊
22 ထိုသူတို့အပေါ်၌ မှုတ်လျက်၊ သင်တို့သည် သန့်ရှင်းသောဝိညာဉ်တော်ကို ခံကြလော့။
23 အကြင်သူ၏အပြစ်ကို သင်တို့လွှတ်လျှင်၊ ထိုသူသည် အပြစ်လွှတ်လျက်ရှိ၏။ အကြင်သူ၏အပြစ်ကို သင်တို့တည်စေလျှင်၊ ထိုသူသည် အပြစ်တည်လျက်ရှိ၏ဟု မိန့်တော်မူ၏။
24 ထိုသို့ ယေရှုသည်ကြွလာတော်မူသောအခါ တမန်တော်တကျိပ်နှစ်ပါးအဝင်၊ ဒိဒုမုဟုအမည်ရှိသော သောမသည်ထိုတပည့်တော်တို့နှင့်အတူမရှိ။
25 ထိုသူတို့ကလည်း၊ အကျွန်ုပ်တို့သည်သခင်ကို မြင်ရကြပြီဟု သောမအားပြောဆိုကြလျှင်၊ သောမက၊ လက်တော်၌သံရိုက်ရာချက်ကိုမမြင်၊ သံရိုက်ရာချက်ကို လက်ညှိုးနှင့်မတို့မစမ်း၊ နံဖေးတော်ကိုလည်း လက်နှင့် မစမ်းမသပ်ရလျှင် အကျွန်ုပ်မယုံဟုဆို၏။
26 ထိုနောက် ရှစ်ရက်မြောက်သောနေ့၌ တပည့်တော်တို့သည် တဖန်အထဲမှာရှိကြ၍ သောမလည်းပါ၏။ တံခါးများကို ပိတ်ထားစဉ်အခါ၊ ယေရှုသည်ကြွလာ၍ အလယ်မှာရပ်တော်မူလျှက်၊ သင်တို့၌ငြိမ်သက်ခြင်း ရှိစေ သတည်းဟု မိန့်တော်မူ၏။
27 ထိုအခါ သောမအား၊ သင်၏လက်ညှိုးကိုဆန့်၍ ငါ့လက်ကိုကြည့်လော့။ သင်၏လက်ကိုဆန့်၍ ငါ့ နံဖေးကို စမ်းသပ်လော့။ ယုံမှားခြင်းမရှိနှင့်။ ယုံလော့ဟု မိန့်တော်မူ၏။
28 သောမကလည်း၊ အကျွန်ုပ်၏အရှင်၊ အကျွန်ုပ်၏ ဘုရားသခင်ပါတကားဟု ပြန်၍လျှောက်၏။
29 ယေရှုကလည်း၊ သင်သည်ငါ့ကိုမြင်သောကြောင့် ယုံခြင်းရှိ၏။ ငါ့ကိုမမြင်ဘဲယုံသောသူတို့သည် မင်္ဂလာရှိကြ၏ဟု မိန့်တော်မူ၏။
30 ဤကျမ်းစာ၌ ရေး၍မထားသောအခြားနိမိတ်လက္ခဏာအများတို့ကိုလည်း ယေရှုသည်တပည့်တော်တို့ မျက်မှောက်၌ပြတော်မူ၏။
31 ယေရှုသည် ခရစ်တော်တည်းဟူသော ဘုရားသခင်၏သားတော်ဖြစ်တော်မူသည်ကို သင်တို့သည် ယုံ မည်အကြောင်း၊ ထိုသို့ယုံ၍နာမတော်အားဖြင့် အသက်ကိုရမည်အကြောင်း၊ ဤမျှလောက် ရေးထားလျက် ရှိသတည်း။

ရှင်ယောဟန်ခရစ်ဝင်။20;1-31

ဖန်ယေရှုသည် တိဗေရိအိုင်နားမှာ တပည့်တော်တို့အား ကိုယ်ကိုပြတော်မူ၏။ ပြတော်မူသည် အကြောင်းအရာဟူမူကား၊
ရှိမုန်ပေတရုနှင့်ဒိဒုမုဟုအမည်ရှိသော သောမ၊ ဂါလိလဲပြည် ကာနမြို့သား နာသနေလ၊ ဇေဗေဒဲ၏ သားနှစ်ယောက်၊ အခြားသောတပည့်တော်နှစ်ယောက်တို့သည် အတူရှိကြ၏။
ရှိမုန်ပေတရုက၊ ကျွန်ုပ်သည် ငါးဘမ်းသွားမည်ဟုဆိုလျှင်၊ ထိုသူတို့က၊ အကျွန်ုပ်တို့လည်းလိုက်မည်ဟု ပြောဆိုသည်နှင့်ထွက်သွားကြ၏။ ချက်ခြင်းလှေထဲသို့ဝင်၍ ထိုညဉ့်တွင် တကောင်ကိုမျှမရကြ။
နံနက်ရောက်သောအခါ ယေရှုသည်ကမ်းနားမှာရပ်တော်မူ၏။ သို့ရာတွင် ယေရှုဖြစ်တော်မူသည်ကို တပည့်တော်တို့သည် မသိကြ။
ယေရှုကလည်း၊ ချစ်သားတို့၊ စားစရာတစုံတခုရှိသလောဟု မေးတော်မူလျှင်၊ မရှိပါဟုပြန်ပြောကြ၏။
တဖန်ယေရှုက၊ လှေလက်ျားဘက်၌ ပိုက်ကွန်ကိုပစ်ချလော့။ ထိုသို့ပြုလျှင် ရလိမ့်မည်ဟု မိန့်တော်မူ သည်အတိုင်း၊ ထိုသူတို့သည် ပစ်ချ၍များစွာသောငါးတို့ကို အုပ်မိသောကြောင့်၊ ပိုက်ကွန်ကိုဆွဲ၍မရနိုင်။
ထိုအခါ ယေရှုချစ်တော်မူသောတပည့်တော်က၊ ငါတို့သခင်ပေတည်းဟု ပေတရုအားပြောဆို၏။ သခင်ဖြစ်ကြောင်းကို ရှိမုန်ပေတရုသည် ကြားလျှင်၊ အဝတ်ကို မခြုံဘဲရှိလျက် အပေါ်အင်္ကျီကိုသာ ဝတ်စည်း၍ အိုင်ထဲသို့ ဆင်းလေ၏။
အခြားသော တပည့်တော်တို့သည် ကမ်းနှင့်မနီးမဝေး အလံငါးဆယ်လောက်ကွာသည်ဖြစ်၍၊ ငါးများ နှင့်ပိုက်ကွန်ကို ဆွဲငင်လျက်လှေစီး၍ လာကြ၏။
ကုန်းပေါ်သို့ရောက်သောအခါ မီးခဲပုံကို၎င်း၊ ကင်ထားသောငါးကို၎င်း၊ မုန့်ကို၎င်းတွေ့မြင်ကြ၏။
10 ယေရှုကလည်း၊ ယခုရသောငါးအချို့ကို ယူခဲ့ကြဟုမိန့်တော်မူ၏။
11 ရှိမုန်ပေတရုသည် လှေပေါ်သို့တက်၍၊ ငါးကြီးတရာငါးဆယ်သုံးကောင်နှင့် ပြည့်လျက်ရှိသော ပိုက် ကွန်ကို ကုန်းပေါ်သို့ ဆွဲတင်လေ၏။ ထိုမျှလောက် များသော်လည်း ပိုက်ကွန်သည် မစုတ်မပြတ်ရှိ၏။
12 ယေရှုကည်း၊ လာ၍နံနက်စာကိုစားကြလော့ဟု မိန့်တော်မူ၏။ သခင်ဖြစ်တော်မူကြောင်းကို တပည့် တော်တို့သည် သိကြသောကြောင့် ကိုယ်တော်သည် အဘယ်နည်းဟူ၍ တစုံတယောက်မျှမမေးမလျှောက်ဝံ့ကြ။
13 ယေရှုသည် လာ၍မုန့်နှင့်ငါးကိုယူပြီးလျှင် သူတို့အား ပေးတော်မူ၏။
14 ထိုပြတော်မူခြင်းကား၊ ယေရှုသည်သေခြင်းမှ ထမြောက်တော်မူသည်နောက်၊ တပည့်တော်တို့အား ကိုယ်ကို သုံးကြိမ်မြောက်သော ပြတော်မူခြင်းဖြစ်သတည်း။
15 နံနက်စာကို စားကြသည်နောက်၊ ယေရှုက၊ ယောန၏သား ရှိမုန်၊ ဤသူတို့သည် ငါ့ကို ချစ်သည်ထက် သင်သည်သာ၍ချစ်သလောဟု ရှိမုန်ပေတရုအားမေးတော်မူလျှင်၊ ဟုတ်ပါ၏သခင်။ ကိုယ်တော်ကို အကျွန်ုပ် ချစ်သည်ကို ကိုယ်တော်သိတော်မူ၏ဟု လျှောက်သော်၊ ငါ၏သိုးသငယ်တို့ကို ကျွေးမွေးလော့ဟု မိန့်တော်မူ၏။
16 တဖန်ယေရှုက၊ ယောန၏သားရှိမုန်၊ သင်သည် ငါ့ကိုချစ်သလောဟု ဒုတိယအကြိမ်မေးတော်မူလျှင်၊ ဟုတ်ပါ၏သခင်။ ကိုယ်တော်ကို အကျွန်ုပ်ချစ်သည်ကို ကိုယ်တော်သိတော်မူ၏ဟုလျှောက်သော်၊ ငါ၏ သိုး တို့ကို ထိန်းလော့ဟုမိန့်တော်မူ၏။
17 ယေရှုကလည်း၊ ယောန၏သားရှိမုန်၊ သင်သည် ငါ့ကိုချစ်သလောဟု တတိယအကြိမ်မေးတော်မူလျှင်၊ သင်သည်ငါ့ကိုချစ်သလောဟု သုံးကြိမ်မြောက်အောင် မေးတော်မူသောကြောင့် ပေတရုသည်စိတ်နာသဖြင့်၊ သခင်၊ ကိုယ်တော်သည်ခပ်သိမ်းသောအရာတို့ကိုသိတော်မူ၏။ ကိုယ်တော်ကို အကျွန်ုပ်ချစ်သည်ကို ကိုယ်တော် သိတော်မူ၏ဟု လျှောက်သော်၊ ယေရှုက၊ ငါ၏သိုးတို့ကို ကျွေးမွေးလော့။
18 ငါအမှန်အကန်ဆိုသည်ကား၊ ဥင်သည်ပျိုသော အသက်ရှိစဉ်ကိုယ်ကိုကိုယ်ပတ်စည်း၍ အလိုရှိရာ အရပ်ရပ်သို့ သွားလာတတ်၏။ သင်သည် အိုသောအခါ လက်နှစ်ဘက်ကိုဆန့်ပြီးလျှင်၊ သူတပါးသည် သင့်ကို ပတ်စည်း၍ သင်အလိုမရှိရာအရပ်သို့ ယူသွားလိမ့်မည်ဟု မိန့်တော်မူ၏။
19 တိုသို့မိန့်တော်မူသော်၊ အဘယ်သို့သောသေခြင်းအားဖြင့် ပေတရုသည် ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေမည်အရိပ်ကို ပေးတော်မူ၏။ ထိုသို့ မိန့်တော်မူပြီးမှ၊ ငါ့နောက်သို့လိုက်လော့ဟု ပေတရုအား မိန့်တော်ပြန်၏။
20 ယေရှုချစ်တော်မူ၍ အထက်က ညစာစားသောအခါ၌ ရင်တော်ကိုမှီ၍လျောင်းလျက်၊ သခင်၊ ကိုယ်တော်ကို အပ်နှံသောသူကားအဘယ်သူနည်းဟု မေးသောတပည့်တော်သည်လည်း နောက်တော်သို့ လိုက် သည်ကို ပေတရုသည်လှည့်၍မြင်လျှင်၊
21 သခင်၊ ဤသူ၌ အဘယ်သို့ဖြစ်ပါလိမ့်မည်နည်းဟု မေးလျှောက်သော်၊
22 ယေရှုက၊ ငါကြွလာသည်ကာလတိုင်အောင် ထိုသူကိုနေစေခြင်းငှါ ငါအလိုရှိလျှင် သင်သည် အဘယ် သို့ဆိုင်သနည်း။ သင်မူကား ငါ့နောက်သို့လိုက်လော့ဟု မိန့်တော်မူ၏။
23 ထိုစကားတော်ကိုထောက်လျှင်၊ ညီအစ်ကိုတို့က၊ ထိုတပည့်တော်သည် မသေရဟုအနှံ့အပြား ပြောဆို ကြ၏။ သို့သော်လည်း ထိုသူသည်မသေရဟု ယေရှုမိန့်တော်မူသည်မဟုတ်။ ငါကြွလာသည် ကာလတိုင်အောင် ထိုသူကိုနေစေခြင်းငှါ ငါအလိုရှိလျှင်သင်သည် အဘယ်သို့ဆိုင်သနည်းဟု မိန့်တော်မူသတည်း။
24 ထိုတပည့်တော်ကား၊ ဤအကြောင်းအရာတို့ကို သက်သေခံ၍ ရေးထားသောသူဖြစ်၏။
25 သူ၏သက်သေခံချက်မှန်သည်ကို ငါတို့သိကြ၏။ ယေရှုပြုတော်မူသော အခြားအမှုအရာအများ ရှိ သေး၏။ ထိုအမှုအရာရှိသမျှတို့ကို အသီးအခြားရေးထားလျှင်၊ မြေကြီးမဆံ့နိုင်အောင် ကျမ်းစာများပြားလိမ့်မည် ဟု ထင်မှတ်ခြင်းရှိ၏။

ရှင်ယောဟန်ခရစ်ဝင်။21;1-25